အသင်းတော်၏ ဧည့်ကြိုခြင်းအမှု အရေးကြီးကြောင်း သိကောင်းစရာများ

“နှစ်သစ်မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပထမ အရောက်စီတိုင်းကို နုတ်ခွန်းဆက်သပါတယ်။”
  ဧည့်ဝတ်ကျေပွန်ခြင်းသည် ထာဝရဘုရား၏အလိုတော်ဖြစ်ပြီး၊ ဘုရားသားသမီးတိုင်း ပြုအပ်သောအမှုဖြစ်ကြောင်း သမ္မာကျမ်းစာအားဖြင့် သိရပါသည်။
တရားဟောရာကျမ်း ၁၀း၁၉ နှင့် ဝတ်ပြုရာကျမ်း ၁၉း၃၄ တွင် – “ဧည့်သည်တို့ကို ကိုယ့်အမျိုးသားကဲ့သို့မှတ်၍ ကိုယ်နှင့်အမျှချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ” ဟု ဣသရေလအမျိုးတို့အား ထာဝရဘုရား မိန့်တော်မူခဲ့ကြောင်း ဖေါ်ပြထားပါသည်။

ထိုနည်းတူ ဟေဗြဲသြဝါဒစာ ၁၃း၁-၂ တွင်လည်း တမန်တော်ရှင်ပေါလုက – “ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ” ဟုဆိုခဲ့ပါသည်။ အထက်ပါကျမ်းပိုဒ်များကိုလေ့လာသုံးသပ်ခြင်းအားဖြင့်၊ ဧည့်ဝတ်ကျေပွန်ခြင်းသည် ယုံကြည်သုတိုင်းအတွက် အလွန်အရေးကြီးသော ဘုရားပေးတာဝန်တစ်ရပ်ဖြစ်ကြောင်း သိရပါသည်။

 

 ဤအကြောင်းအရာနဲ့ပတ်သက်၍ Trinity Evangelical Divinity School မှ ဆရာကြီး Thom S. Rainer ၏အမြင်နှင့်အကြံပြုချက်များကို အောက်ပါအတိုင်း ဘာသာပြန်ပြီး တင်ပြလိုက်ပါသည်။

အသင်းတော်တစ်ပါးသည် အောက်ပါအခြေအနေဆိုးခုနစ်ခုနဲ့တိုက်ဆိုင်နေပါက အသင်းတော်၌ ဧည့်ကြိုမထားခြင်းသည် ထားခြင်းထက်သာ၍အကျိုးရှိနိုင်ကြောင်း ထင်မြင်ယူဆမိပါသည်။  ထိုမသင့်လျော်သောအခြေအနေ ၇-ခုမှာ –

၁။ ဧည့်ကြို သင်တန်းမရှိခဲ့လျင်။  စိတ်မကောင်းစရာတစ်ခုမှာ အသင်းတော်အများစုမှာ စနစ်တကျသင်တန်းပေးထားသော ဧည့်ကြိုများမရှိကြပါ။ ထို့ကြောင့် အသင်းတော်ဧည့်ကြိုများသည် လူသစ်များကိုဆက်ဆံရာမှာ အနည်းနဲ့အများ အခက်အခဲရှိကြသည်။

၂။ ဧည့်ကြိုအဖွဲ့များ ပုံမှန်တွေ့ဆုံစည်းဝေးခြင်းမရှိလျင်။ အသင်းတော်ဧည့်ကြိုအဖွဲ့များ အနဲဆုံး သုံးလတကြိမ်တွေ့ဆုံဆွေနွေးပြီး၊ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံဖလှယ်ခြင်း၊ ခွန်အားပေးခြင်းများ ပြုလုပ်သင့်ပါသည်။

၃။ ဧည့်ကြိုများမှာ နဂိုမူလဖော်ရွေမှု မရှိလျင်။  ဖော်ရွေမှုအပြုံးမျက်နာမရှိသော ဧည်ကြိုများသည် လူသစ်များအတွက် ကြောက်စရာကောင်းပြီး၊ လူသစ်များကို ခေါ်ဖိတ်သောသူများ ဖြစ်မည့်အစား ပထုတ်သောသူများ ဖြစ်နိုင်ပါသည်။

၎။ ဧည့်ကြိုများသည် ဧည့်ကြိုကဲ့သု့်မဟုတ်ဘဲ အလှူငွေကောက်ခံသောသူများကဲ့သို့ လှုပ်ရှားလျင်။  ဧည့်ကြိုတစ်ဦး၏တာဝန်မှာ လူသစ်များနွေးထွေးမှုကိုခံစားသည်အထိ လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံရန်၊ မိမိတို့သွားလိုသောနေရာအထိ ပို့ဆောင်ကူညီရန်လိုအပ်ပါသည်။ လူသစ်တစ်ဦးကို ဝတ်ပြုအစီအစဉ်စာရွက်ပေးခြင်းနှင့်နေရာချထားပေးခြင်းသက်သက်သည် ဧည့်ကြို၏တာဝန်အပြည့်မဟုတ်ပါ။

၅။ ဧည့်ကြိုများသည် လူသစ်များကို စွန့်စွန့်စားစား ရှာဖွေတွေ့ရှိနုတ်ခွန်းဆက်ခြင်း မပြုလျင်။  သင်တန်း ကောင်းမွန်စွာတက်ရောက်သော ဧည့်ကြိုသည် အသင်းသားနှင့်လူသစ်ကို ကောင်းကောင်း ခွဲခြားသိနိုင်သည်။ ဧည့်သည်လူသစ်က သူ့ကိုလာေ၇ာက် ရှာဖွေတွေ့ရှိသည်အထိစောင့်နေရန်မဟုတ်၊ သူကလူသစ်ကို သွားရောက်ရှာဖွေတွေ့ရှိရန် ဖြစ်သည်။

၆။ လူသစ်များသွားလိုသောနေရာအထိ သူတို့နှင့်အတူ လိုက်လျှောက်လိုသောဆန္ဒမရှိလျင်။  တခါကဆေးရုံတစ်ခုရောက်သွားပါတယ်။  သွားရမည့်နေရာမသိလို့ သူနာပြုဆရာမ တစ်ဦးကိုမေးရာ၊ သူက သူကိုယ်တိုင် ကျနော့ကိုအဆုံးတိုင် လိုက်ပို့ပေးခဲ့တယ်။  ဒီလိုလိုက်ပို့ပေးခြင်းက သူ့ဆေးရုံကို ချက်ခြင်းစိတ်ဝင်စားမှုဖြစ်စေပါတယ်။ ဧည့်ကြိုများ၏အရေးကြီးသောတာဝန်တစ်ရပ်မှာ လူသစ်များကို ဝတ်ပြုရာနေရာ၊ ကလေးငယ်များထိန်းရာနေရာ စသည့်သူတို့သွားလိုသည့်နေရာများအထိ ကိုယ်တိုင်ကိုယ်ကြ လိုက်ပို့ပေးခြင်းပင်ဖြစ်သည်။

၇။ မိမိအသင်းတော်အကြောင်းကို ကောင်းကောင်းနားမလည်သောသူဖြစ်လျင်။  တခါက အသင်းတော်တစ်ပါးကို သွားလည်ခဲ့ရာ၊ သင်းအုပ်ဆရာကိုတွေ့လိုကြောင်းပြောပြခဲ့ပါသည်။  ဧည့်ကြိုက သင်းအုပ်ဆရာရုံးခန်း ဘယ်မှာရှိကြောင်း လုံးဝမပြောပြနိုင်ခဲ့ပါ။ နောက်တာမဟုတ်။ တကယ့်အတွေ့အကြုံပါ။

 

ဧည့်ကြိုကောင်းတယောက်သည် အသင်းတော်အတွက် တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်သည်။ သို့သော်လည်း အတွေ့အကြုံမရှိသော ဧည့်ကြိုသည် အသင်းတော်အတွက် ဆိုးသောသံတမန် ကဲ့သို့ဖြစ်၏။ ထို့ကြောင့် အသင်းတော်တွင် တာဝန်မကြေသော ဧည့်ကြိုရှိခြင်းထက် မရှိခြင်းသည် သာ၍သင့်လျော်သည်ဟု စာရေးဆရာက အကြံပြုခဲ့ပါသည်။  အသင်းတော် တိုးတက်ဘို့ရန်အတွက် တည်ဆောက်စရာ အကြံပြုချက်များကို အမြဲကြိုဆိုလျက်ရှိပါသည်။


 

ခရစ်တော်၏နာမတော်မြတ်ဍ်

သိက္ခါတော်ရ ဆရာ ထေါင်ခိုလွန်း


စာဖတ်ပရိတ်သတ်များသိစေရန်။

ဤဆောင်းပါးသည် တာဝန်မကြေသော ဧည့်ကြိုများကို ပြစ်တင်ဝေဖန်ခြင်းမဟုတ်ပါ။ အသင်းတော်အတွက် ဧည့်ကြိုအမှုအရေးကြီးကြောင်းကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပါသည်။  GHBCF အသင်းတော်အတွက် သင်ခန်းစာယူစရာဖြစ်ပြီး၊ ဆုတောင်းခြင်းနှင့်အတူ ဆက်လက်ကြိုးစား ဆောင်ရွက်စရာ များစွာရှိသေးကြောင်း အရောက်စီတိုင်းကို ခွန်အားပေးရင်း ဤစာစောင်ကို တင်ပြအပ်ပါသည်။
(ဤအကြောင်းအရာကို Trinity Evangelical Divinity School မှ ဆရာကြီး Thom S. Rainer ၏ပို့ချချက်မှ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်)